Wednesday, December 19, 2007

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ သစ်ဆိမ့်ပင်စိုက်ကွင်းများ၊ သစ်ဆိမ့်ဆီစက်ရုံနှင့် ၀င်းသူဇာအရောင်းဆိုင်တို့အား ကြည့်ရှုစစ်ဆေး


၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းသည် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ ညောင်နီချောင်းသစ်ဆိမ့်ပင်စိုက်ကွင်းသို့ ရောက်ရှိခဲ့ပြီး သစ်ဆိမ့် စိုက်ကွင်းအမှတ်(၄)၊ စိုက်ဧက(၁၂)ဧက၊ သစ်ဆိမ့်ပင် ၆၀၀ စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေကို ကြည့်ရှု့စစ်ဆေးသည်။ ယင်းနောက် စိုက်ကွင်းယာယီရှင်းလင်းဆောင်တွင် စက်မှုကုန်ကြမ်းဌာန၊ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးမှ သစ်ဆိမ့်ပင်စိုက်ကွင်း (၁၀)ကွင်း၌ သစ်ဆိမ့်ပင် ၄၀၆၇၆ ပင် ဖြစ်ထွန်းအောင်မြင်မှု အခြေအနေနှင့် ဖြစ်ထွန်းအောင်မြင်နေသော သစ်ဆိမ့်ပင်များအား ရှင်သန်ကြီးထွားအောင်မြင် အောင်ဆောင်ရွက်မည့် အခြေအနေ၊ ရေရှိမှုနှင့် ၀န်ထမ်းအင်အား အခြေအနေများကို ရှင်းလင်းတင်ပြရာ မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိုက်ထွန်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ထို့နောက် ၀န်ကြီးဦးအောင်သောင်းမှ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး၊ ၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် မိမိတို့လုပ်ငန်းများ အောင်မြင်ရေးအတွက် စီမံဆောင်ရွက်ချက်များ စနစ်တကျ စီစဉ်ဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် စတင်သီးစပြုနေသော သစ်ဆိမ့်ပင်၏ အခြေအနေကိုလည်းကောင်း၊ သစ်ဆိမ့်ပင်ပျိုးခင်းအားလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး စိုက်ကွင်းဝန်ထမ်းများ ကြည့်ရှု့ရန်အတွက် ၂၁ လက်မ ရောင်စုံတယ်လီဗေးရှင်းတစ်လုံးနှင့် စိုက်ကွင်း ၀န်ထမ်း(၃၁)ဦးတို့အား ဂုဏ်ပြု ဆုငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ သစ်ဆိမ့်ပင်စိုက်ကွင်း(၁)သို့ရောက်ရှိပြီး ရှင်သန်ဖြစ်ထွန်းနေသော သစ်ဆိမ့်ပင်များ၊ သစ်ဆိမ့်ပင် ပျိုးခင်းနှင့် စိုက်ကွင်း၌အသုံးပြုရန် တစ်နာရီရေဂါလံ ၂၀၀၀ ထွက်ရှိသော ရေတွင်းနှင့် ရေကန် အခြေအနေတို့အား ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့သည်။
ညနေ ၄နာရီ ၁၅မိနစ်တွင် ၀န်ကြီးဦးအောင်သောင်းသည် ဆိပ်ဖြူမြို့ မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ သစ်ဆိမ့် ဆီစက်ရုံသို့ရောက်ရှိပြီး ဆီကြိတ်စက်ဌာနရှိ ဆီကြိတ်လုပ်ငန်းအခြေအနေ၊ ဆီကြိတ်ဆုံများ ကုန်ထုတ်လုပ်မှု အခြေအနေကို လိုက်လံကြည့်ရှု့စစ်ဆေးရာ စက်ရုံခွဲမှူးဦးဇော်ဝင်းမှ လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းသည် သစ်ဆိမ့်ဆီ ထုတ်လုပ်မှုဌာန၊ သစ်ဆိမ့်ဆီ ပုလင်းသွင်းဌာန၏ ကုန်ထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ကုန်ထုတ်လုပ်မှုရည်မှန်းချက် ပြည့်မီကျော်လွန်ရေးအတွက် ကုန်ကြမ်းသစ်ဆိမ့်ဆီ ရရှိရေး၊ ၀ယ်ယူရေးနှင့် ကုန်ထုတ်လုပ်မှု မပြတ်စေရန် ၀န်ကြီးဌာန၏ မူဝါဒနှင့် လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် သစ်ဆိမ့်ဆီစက်ရုံအတွင်း သစ်ဆိမ့်ပင်များ၊ ခြံစည်းရိုးကြက်ဆူပင်များနှင့် သစ်ဆိမ့်ပင်ပျိုးခင်းအား ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့သည်။
ညနေ ၅နာရီ ၂၀မိနစ်တွင် ၀န်ကြီးဦးအောင်သောင်းသည် ဆိပ်ဖြူမြို့ ၊ ၀င်းသူဇာအရောင်းဆိုင်သို့ရောက်ရှိပြီး အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်ရောင်းချလျက်ရှိသော ဆပ်ပြာအမျိုးမျိုး၊ ကြွေထည်ပစ္စည်းမျိုးစုံ၊ ဆေးပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ အထည်အလိပ်ပစ္စည်းများ၊ စက်ဘီး၊ ထီး၊ ဖိနပ်၊ စတီးလ် ပစ္စည်းအမျိုးမျိုး ရောင်းချမှု့ အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး ရောင်းကုန်ပစ္စည်း မပြတ်လပ်စေရန်နှင့် ၀ယ်ယူသူများအား ဖော်ရွေစွာဆက်ဆံပြောဆိုကြရန် မှာကြားခဲ့သည်။